ရေကူးတဲ့ သူတွေမှာ ဖြစ်တတ်တဲ့ Swimmer's Ear
ရာသီဥတု ပူလာတာနဲ့အမျှ ရေကူးကန်ထဲမှာ အချိန်ကုန်တဲ့ သူတွေလည်း များလာပြီ ထင်ပါတယ်။ ကလေးတွေလည်း နွေရာသီရေကူးသင်တန်းတွေ တက်တဲ့သူတက်၊ အိမ်မှာပဲ လေထိုးရေကူးကန်နဲ့ ဆော့တဲ့သူဆော့နေကြပြီ မဟုတ်လား။ တချို့ကလည်း ပင်လယ်ကမ်ခြေသွားပြီး အပန်းဖြေကြသလို မြစ်ထဲချောင်းထဲ ရေဆင်းချိုး၊ ရေဆင်းကူးကြတဲ့သူတွေလည်း ရှိကြမှာပါ။
ဒီလိုတွေ ရေကူးကြ၊ ရေဆော့ကြတဲ့အခါ အဖြစ်များတတ်တဲ့ နားရောဂါတစ်ခု ရှိပါတယ်။ အဲဒါကိုတော့ Swimmer's Ear လို့ ခေါ်ပြီး ကလေး၊ လူကြီး အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
Swimmer's ear ဘာကြောင့် ဖြစ်တာလဲ?
Swimmer's Ear ကို ဆေးပညာအားဖြင့် Otitis Externa လို့ ခေါ်ကာ ဘက်တီးရီးယားပိုးကြောင့် အဖြစ်များပြီး တစ်ခါတစ်ရံ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။
- ရေထဲမှာ အနေကြာတဲ့သူတွေ (နားအတွင်းပိုင်းက စိုစွတ်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်တာ၊ မသန့်ရှင်းတဲ့ ရေထဲကနေ ဘက်တီးရီးယားပိုးတွေ ပါလာတာ)
- နားကျပ်တဲ့ဂွမ်းတံ၊ နားဖာကလော်၊ လက်အသုံးပြုပြီး နားကလော်တဲ့သူတွေ (နားအတွင်း အရေပြားကို ခြစ်မိတာ၊ ပွန်းလာတာ)
- နားကြပ်၊ နားကြားကိရိယာ စသည်ကို အမြဲတပ်တဲ့သူတွေမှာ (နားတွင်းအရေပြား ပွန်းလာတာ) ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- နားယားနေတာ၊ နားထဲမှာ နီရဲနေတာ၊ အရောင်အနံမရှိတဲ့ အရည်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။
- ပိုဆိုးလာရင်တော့ နားက ပိုယားလာ၊ ပိုရဲလာတာ၊ နာလာကိုက်လာတာ၊ အရည်တွေပိုထွက်လာတာ၊ ရောင်နေတာ သို့မဟုတ် အရည်နဲ့ နားဖာချေးတွေကြောင့် နားထဲမှာ ပြည့်နေသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
- မကုသဘဲထားလို့ အရမ်းဆိုးလာရင် မျက်နှာ၊ လည်ပင်းနဲ့ ခေါင်းတွေပါ နာလာကိုက်လာတာ၊ နားထဲမှာ ပြည်တွေနဲ့ ပြည့်နေတာ၊ နီရဲပြီး ရောင်ရမ်းနေတာ၊ အဖျားတက်လာတွေထိ ဖြစ်လာပါလိမ့်မယ်။
ကုသမှုအနေနဲ့ ဘက်တီးရီးယားပိုးကြောင့် အဖြစ်များတာမို့ ပိုးသတ်ဆေးပါတဲ့ နားတွင်းထည့်ဆေး အသုံးပြုရင် ပျောက်ကင်းနိုင်ပါတယ် (ဆရာဝန် ညွှန်ကြားချက်နဲ့သာ သုံးသင့်ပါတယ်)။ ကိုက်နေရင် အနာသက်သာဆေး သောက်တာ၊ ဖျားနေရင် ပါရာစီတမောလ် သောက်တာမျိုး လုပ်လို့ရပါတယ်။
မကုသဘဲထားရင်…
- အကြားအာရုံ ယာယီချို့ယွင်းသွားတာ
- Chronic Otitis Externa လို့ခေါ်တဲ့ နာတာရှည် ကုရခက်တဲ့ ပုံစံဖြစ်သွားတာ (ရောဂါလက္ခဏာတွေက ၃လကျော်နေရင်)
- နားတွင်း အရိုးနဲ့အရိုးနုတွေ ထိခိုက်ပျက်စီးသွားတာ
- ဦးနှောက်နဲ့ အာရုံကြောတွေ၊ ဦးခေါင်းခွံတွေကို ရောဂါပိုးပျံ့နှံ့သွားတာတွေ (အဖြစ်နည်းပေမယ့် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်) ဖြစ်နိုင်ပါတယ်။
ဘယ်လို ကာကွယ်မလဲ?
- နားကို ခြောက်သွေ့စွာ ထားပါ။ ရေကူးပြီးတိုင်း ခေါင်းကိုစောင်းပြီး နားထဲက ရေတွေထွက်အောင် လုပ်ပါ။ ပြီးရင် တဘက်နဲ့ ဖွဖွသုတ်ပါ။ Dryer သုံးပြီး ခြောက်အောင် လုပ်လို့လည်း ရပါတယ်။ Dryer မှုတ်တဲ့အခါ အနိမ့်ဆုံး အပူချိန်ကို ထားပြီး တစ်ပေခန့် အကွာကနေ အသုံးပြုပါ။
- ဖြစ်နိုင်ရင် ညစ်ပတ်နေနိုင်တဲ့ ကန်တွေ၊ မြစ်ချောင်းတွေထဲမှာ ရေမကူးပါနဲ့။
- ရေကူးစဥ် နားကိုဆို့ထားတာ၊ ရေကူးဦးထုပ်ဝတ်တာမျိုး လုပ်ပါ။
- ဆံပင်ကို စပရေးတွေ ဖျန်းတာ၊ ဆေးဆိုးတာလုပ်စဥ် နားကို ဂွမ်းဆို့ထားပါ။
- နားထဲကို ဂွမ်းတံ၊ နားဖာကလော်နဲ့ ထိုးတာ၊ လက်နဲ့ကလော်တာမျိုးက ရောဂါပိုးတွေကို နားအတွင်းထဲထိ ပိုမိုဝင်သွားစေတာမို့ မလုပ်သင့်ပါဘူး။
ဒီအချက်တွေကို ဂရုတစိုက် လိုက်နာပြီး ဘယ်လောက်ပဲ ရေကူးကူး Swimmer's Ear ရောဂါမဖြစ်ဘဲ နွေရာသီကို အေးမြစွာ ဖြတ်ကျော်နိုင်တဲ့သူတွေ ဖြစ်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်